၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာပြန်စာပေ ဘာသာရပ်အတွက် အတည်ပြု အဆင့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဘာသာပြန်စာပေ ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဦးကျော်နိုင် (ထက်မြက်)၊ ဦးခင်မောင်စိုး (မောင်သာမည)၊ ဒေါက်တာအောင်ကြီး၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာသိန်းနိုင်၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ဘာသာပြန်စာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို အတည်ပြု အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေ များနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုအဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။