၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ၀တ္ထုတိုပေါင်းချုပ် ဘာသာရပ်အတွက် ဆန်ခါတင် အဆင့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ၀တ္ထုတိုပေါင်းချုပ် ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဒေါက်တာခင်သန်းဦး (မမိုးမြေ)၊ ဦးတင်မောင်ဝင်း (လေးကိုတင်)၊ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဒေါ်ဌေးဌေးမြင့် (ခင်မြဇင်) ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ၀တ္ထုတိုပေါင်းချုပ် ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေ များနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။