၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်း များကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သုတပဒေသာ (ဝိဇ္ဇာ) ဘာသာရပ်အတွက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သုတပဒေသာ (ဝိဇ္ဇာ) ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးမြဟန်၊ ဦးဟုန်ဝမ် (မောင်ဟုန်ဝမ်-ကထိက)၊ ဦးစိုးညွန့် (ရာပြည့်)၊ ဦးဇော်လင်း (လင်းအေး)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဒေါက်တာတိုးလှတို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သုတပဒေသာ (ဝိဇ္ဇာ) ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများ နှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။