၂ဝ၁၇ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ပဏာမအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သုတပဒေသာ (ဝိဇ္ဇာ) အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၆ ရက် နံနက် ၁၀:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
သုတပဒေသာ (ဝိဇ္ဇာ) အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဒေါက်တာစိုးနိုင် (ပါမောက္ခ-မြန်မာစာဌာန)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးမြတ်ဝေတိုး (မြတ်ဝေတိုး-ပညာရေးတက္ကသိုလ်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် သုတပဒေသာ (ဝိဇ္ဇာ) စာမူများ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။