၂ဝ၁၆ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၆ ရက် နံနက် ၁၀: ၃၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အင်္ဂလိပ်စာပေ အဖွဲ့ငယ် အတည်ပြုအဆင့် အစည်းအဝေးသို့ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးမျိုးအောင် (မျိုးအောင်-ရုက္ခဗေဒ) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် အင်္ဂလိပ်စာပေ အတည်ပြုအဆင့် စာမူများ စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။