၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ အင်္ဂလိပ်စာ (သုတ/ရသ) အတွက် အတည်ပြု အဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၉ ရက် နံနက် ၁၁: ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ အင်္ဂလိပ်စာ (သုတ/ရသ) ဘာသာရပ် စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် စည်သူဒေါက်တာသော်ကောင်း၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးမောင်မောင် (ကြည်ရွှန်း)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော အင်္ဂလိပ်စာ (သုတ/ရသ) ဘာသာရပ်ဆိုင်ရာ စာအုပ်များ အတည်ပြုအဆင့် စိစစ် ဖတ်ရှုနေမှု အခြေအနေကို တက်ရောက် လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။