၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ၀တ္ထုတိုပေါင်းချုပ်အတွက် အတည်ပြု အဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၄ ရက် နံနက် ၁၀: ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ၀တ္ထုတိုပေါင်းချုပ် ဘာသာရပ် စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဦးတင်မောင်ဝင်း (လေးကိုတင်)၊ ဒေါက်တာခင်သန်းဦး (မမိုးမြေ)၊ ဒေါ်ဌေးဌေးမြင့် (ခင်မြဇင်)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်မြမြသန်း (မနှင်းဖွေး) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ၀တ္ထုတိုပေါင်းချုပ် ဘာသာရပ်ဆိုင်ရာ စာအုပ်များ အတည်ပြုအဆင့် စိစစ်ဖတ်ရှု နေမှု အခြေအနေကို တက်ရောက် လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။