ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့ အကြား စာဆိုဗိမာန်တည်ဆောက်ခြင်းစီမံကိန်းသဘောတူညီချက် (Project Agreement) ပါ JPMC (Joint Project Monitoring Committee) အဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၈-၅-၂၀၂၄ (အင်္ဂါနေ့) ၊ နံနက် ၁၀း၀၀ နာရီတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ရန်ကုန်မြို့တွင် အဖွဲ့ဝင် ၆ ဦး၊ နေပြည်တော်မှ အဖွဲ့ဝင် ၂ ဦးနှင့် အိန္ဒိယ နိုင်ငံ၊ နယူးဒေလီမြို့မှ အဖွဲ့ဝင် ၂ ဦး ၊ စုစုပေါင်း JPMC အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် စာဆိုဗိမာန်အဆောက်အဦ တည်ဆောက် အကောင်အထည်ဖော်ရေး အတွက် JPMC အဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများနှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ၊ အဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး အစည်းအဝေး ကို မွန်းတည့် ၁၂း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဖွဲ့ဝင်များအနေဖြင့် ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို လာမည့် ၂ လအတွင်း ကျင်းပနိုင်ရေး ညှိနှိုင်းခဲ့ကြပါသည်။