ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် အများပြည်သူ အသိပညာဖွံ့ဖြိုးရေးအတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့ တွင် ပြည်သူ့စာကြည့်တိုက်များ ဖွင့်လှစ် ထားပါသည်။
စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်များတွင် အများပြည်သူအတွက် ခေတ်မီဗဟုသုတ ဖြည့်တင်း ပေးနိုင်မည့်သုတ၊ ရသ စာကောင်းပေမွန်များကို လစဉ် ဝယ်ယူဖြည့်တင်းလျက် ပြည်သူကို ဗဟိုပြု ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်တွင် နောက်ဆုံးထုတ်ဝေသည့် သုတ၊ ရသ အကြောင်းရပ်စုံလင်သော စာအုပ်များအပြင် ဥပဒေအသိပညာပေးစာအုပ်များ၊ အထူးသဖြင့် ပြည်သူအများလိုက်နာ သိရှိသင့်သည့် နိုင်ငံတော်မှ ထုတ်ပြန်သော ဥပဒေစာအုပ်များကိုလည်း ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။
ယခုဧပြီလမှစ၍ World Book Encyclopedia (2017) (အတွဲ ၂၂ ပါ) နှင့် အတွဲ ၃၀ ပါ Encyclopedia Britannica Global Edition (2016) တို့ကို မှာယူ ဖြည့်တင်းထားပြီး ဖြစ်သဖြင့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက် (ရန်ကုန်) နှင့် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက် (မန္တလေး) တို့တွင် လေ့လာဖတ်ရှု နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
World Book Encyclopedia မှာ ၁၉၁၇ ခုနှစ်တွင် အတွဲ (၈) တွဲဖြင့် စတင်ထုတ်ဝေခဲ့ရာ ယခုနောက်ဆုံးထုတ်စာအုပ်တွဲ (၂၀၁၇) (၂၂) တွဲမှာ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် (100 Years Commemorative) စာစောင်ဖြစ်သည်။
ယင်းစာအုပ်များမှာ နိုင်ငံတကာစာပေ၊ ယဉ်ကျေးမှု၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံများ၊ မြို့တော်များ၊ ကမ္ဘာ့ထူးခြားထင်ရှားသော အဖြစ်အပျက်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားနယ်ပယ် အသီးသီးမှ ခေတ်မီ အကြောင်းရပ်များကို အချက်အလက်များ၊ ဓာတ်ပုံများ၊ မြေပုံများဖြင့် ပြည့်စုံစွာ ရေးသားဖော်ပြ ထားသည်။
စာပေရေးသားပြုစုသူများ၊ သုတေသနပြုသူများ၊ နိုင်ငံတကာဗဟုသုတရှာမှီးလိုသူများအတွက် အဖိုးတန်လှသော စာအုပ်များဖြစ်သည်။