ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသော“ရွှေသွေးအရွယ်ချစ်စဖွယ်ကဗျာရွတ်ဆိုပြိုင်ပွဲ”ကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း၊ စာပေဗိမာန်ရုံး၊ စုပေါင်းအစည်းအဝေးခန်းမတွင် ၂၅-၁ -၂၀၁၈ ရက် (ကြာသပတေးနေ့) နံနက် (၁၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ စာတည်းမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူး (အရောင်း)၊ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ/ဆရာမ များ ပြိုင်ပွဲဝင်ကလေးငယ်များနှင့် မိဘများ၊ အလှူရှင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းမီဒီယာများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းပေါင်းစုံမှ လာရောက်ယှဉ်ပြိုင်သူ (၂၉)ဦးရှိပြီး အထက(၄)ဗိုလ်တထောင် ဒုတိယတန်းမှ မအေးမြင့်မြတ်နှင့်အဖွဲ့ (၄)ဦးက “သွေးချင်းတို့မြေ” ကဗျာခေါင်းစဉ်ဖြင့် ပထမဆု၊ အမက (၆)ကျောက်တံတားမြို့နယ် စတုတ္ထတန်းမှ မနန်းကေဇင်သော်က “တို့ပြည်ထောင်စု” ကဗျာခေါင်းစဉ်ဖြင့် ဒုတိယဆု၊ အထက(၅) ဗိုလ်တထောင်မြို့နယ် တတိယတန်းမှ မောင်တေဇအောင်နှင့်အဖွဲ့ (၃)ဦးက “တို့ပြည်ထောင်စု” ကဗျာခေါင်းစဉ်ဖြင့် တတိယဆု၊ အမက (၆) ကျောက်တံတား တတိယတန်းမှ မောင်ဟန်ထူးဇော်က “တို့ပြည်ထောင်စု” ကဗျာခေါင်းစဉ်ဖြင့် နှစ်သိမ့်ဆု(၁)၊ အမက (၆) ကျောက်တံတား စတုတ္ထတန်းမှ မောင်ရှင်းသန့်လင်းက “စုပေါင်းအားနဲ့ ပြည်ထောင်စု” ကဗျာခေါင်းစဉ်ဖြင့် နှစ်သိမ့်ဆု (၂) အသီးသီး ရရှိခဲ့ကြပါသည်။
ပထမဆု- ၃၀၀၀ဝိ/-၊ ဒုတိယဆု ၂၅၀၀ဝိ/-၊ တတိယဆု ၂၀၀၀ဝိ/-၊ နှစ်သိမ့်ဆု ၁၀၀၀ဝိ/- နှုန်း ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ ပါသည်။
အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲဖြစ်မြောက်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်၊ အောင်ရတနာ ကံဝင်းကျောင်းမှ ဆရာတော်ဦးနာရဒက ငွေကျပ် ကိုးသောင်းငါးထောင်နှင့် လက်တင်ပါ ပလပ်စတစ်ထိုင်ခုံ အလုံး (၂၀)၊ လှိုင်မြို့နယ် (၁၁) ရပ်ကွက်၊ စံပယ်ခြံ-၃ လမ်းနေ ဦးရဲဝင်းနှင့် ဦးရဲဝေ (မြန်မာစာ) တို့က ငွေကျပ်တစ်သိန်း၊ စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်း၊ အိမ်အမှတ် (၅၁)နေ ဒေါ်ဝင်းသန္တာဦးကငွေကျပ်ငါးသောင်းနှင့် ကျပ်တစ်သိန်း တစ်သောင်းတန် ရေအေးစက်၊ ဇီဇဝါကုမ္ပဏီ လီမိတက်မှ ဦးကျော်မင်းက ငွေကျပ် နှစ်သောင်းတို့ကို စေတနာထက်သန်စွာ လှူဒါန်းခဲ့ရာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးမှ စာတည်းမှူးက လက်ခံရယူပြီး အလှူရှင်များအား ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင် ဂုဏ်ပြုလွှာ မှတ်တမ်း ပြန်လည် ပေးအပ်ခဲ့ပါသည်။
ကဗျာရွတ်ဆိုပြိုင်ပွဲ အခမ်းအနားအပြီးတွင် ပြိုင်ပွဲတွင်ဆုရကလေးများ၊ အကဲဖြတ်အမှတ်ပေး ဒိုင်များနှင့် အလှူရှင်များစုပေါင်း၍ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။