၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ကဗျာပေါင်းချုပ် ဘာသာရပ်အတွက် အတည်ပြု အဆင့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ကဗျာပေါင်းချုပ် ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ဦးညီညီ (မောင်ပြည့်မင်း)၊ ဦးမင်းဆန်းဦး (မင်းထက်မောင်)၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်)၊ ဒေါက်တာအောင်ကြီး၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးဟုန်ဝမ် (မောင်ဟုန်ဝမ်-ကထိက)၊ ဦးကိုလေး (ကိုလေး-အင်း၀ဂုဏ်ရည်)၊ ဦးမြဝင်း (မြဝင်း-ဒဿန)၊ ဦးမြင့်ဦး (မောင်သင်းခိုင်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ကဗျာပေါင်းချုပ် ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို အတည်ပြုအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေ များနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုအဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။