၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်းလုပ်ငန်း များကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ကလေးစာပေ ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန် ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ကလေးစာပေ ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးလှကြည် (ကြည်ခိုင်)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးစိန်လှိုင် (သူရဇော်)၊ ဒေါ်အဝင်း၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ကလေးစာပေ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့် ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။