''မင်းသျှင်အောင် (တွံတေး)'' ရေးသားသည့် ''မြန်မာ့ဂန္ထဝင် အငြိမ့်သဘင်'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် ပခုက္ကူဉီးအုံးဖေစာမူဆုပြိုင်ပွဲတွင် ကျမ်းစာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''မင်းသျှင်အောင် (တွံတေး)'' ၏ ''မြန်မာ့ဂန္ထဝင် အငြိမ့်သဘင်'' စာအုပ်သည် မြန်မာ့အငြိမ့်သဘင် သမိုင်းနှင့်ပတ်သက်၍ နန်းတွင်းအငြိမ့်သဘင်မှသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးချိန်အထိ သုတေသနပြု ဖော်ပြထားသည့် ခေတ်အလိုက် အောင်မြင်ကျော်ကြားခဲ့သော အငြိမ့်မင်းသမီးများ၊ လူရွှင်တော်များ စိုင်းဆရာများ၏ အတ္ထုပ္ပတ္တိ အကျဉ်းများအပြင် အငြိမ့်လောကမှ ရွက်ပုန်းသီး သဘင်ပညာရှင်များ အကြောင်းကိုလည်း လက်လှမ်းမီသမျှ ရှာဖွေတင်ပြထားသည်။ အငြိမ့်သဘင် လောကတွင် အနုပညာရှင်များ ကျင်လည်ခဲ့ကြရပုံ၊ အဘယ့်ကြောင့် အောင်မြင်ခဲ့ကြရပုံနှင့် ဘ၀နေဝင်ချိန် မည်သို့ရှိခဲ့ကြပုံတို့ အကြောင်းများကို အားကျဖွယ်၊ သင်ခန်းစာယူဖွယ်၊ သံဝေဂရဖွယ် သုတ၊ ရသမြောက်စွာ တင်ပြထားသည်။ အရေးအသားပြေပြစ် သည်။ ကျမ်းအကိုးအကား အထောက်အထား ပြည့်စုံသည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၉၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။