''သောင်းမြင့်ဦး (ကွမ်းခြံကုန်း)'' ရေးသားသည့် ''သကာတွေ့တဲ့နေ့ နှင့် အခြား၀တ္ထုတိုများ'' စာအုပ်သစ်ကို စာပေဗိမာန် က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါ သည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ၀တ္ထုတိုပေါင်းချုပ် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
ဆရာသောင်းမြင့်ဦး (ကွမ်းခြံကုန်း) ၏ ''သကာတွေ့တဲ့နေ့ နှင့် အခြား၀တ္ထုတိုများ'' စာအုပ်သည် တိုးမြစ်ကမ်းဘေးရှိ ကျုံမှော်ကျွန်းရွာသား ကိုချမ်းအေး၏ ဘ၀ကို ပင်တိုင်ပြု၍ ရေးသားထားသော ၀တ္ထုတို ၁၃ ပုဒ် ပါဝင်ပါသည်။
ဆရာသောင်းမြင့်ဦးသည် လယ်သမားတစ်ယောက်၏ မိသားစုဝမ်းစာရှာဖွေရေးအတွက် ကြိုးပမ်းရုန်းကန်ရပုံ သားရှာ၊ ငါးရှာပြီး ဟင်းစားဖန်တီးရပုံတို့ကို သရုပ်ဖော်ထားသည်။ ထို့ကြောင့် သူ၏ဘ၀က လယ်သမားတစ်ပိုင်း၊ တံငါတစ်ပိုင်းဖြစ်နေသည်။ တိုးမြစ်ထဲတွင် ပိုက်ချ၊ ငါးထောင်၊ လယ်ထဲတွင် ကြွက်ထိုး၊ ဖားရိုက်၊ သစ်ပင်ပေါ်မှ ခါချဉ်၊ လေထဲတွင် ပုစဉ်းများကိုပါမကျန် ထမင်းစားပွဲပေါ်ရောက်အောင် ပြုလုပ်ရသည်များကို စာဖတ်သူစိတ်ဝင်စားအောင် စာပန်းချီခြယ်မှုန်း ရေးသားထားသည်။
မြစ်ကမ်းနေ တောရွာသားများဘ၀ကို ဒေသန္တရ ဗဟုသုတများနှင့် ရသရောစွက်တင်ပြထားပြီး၊ စာဖတ်ချင်စိတ်ကို နှိုးဆွထားသည့် ရသမြောက် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၁၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။