၁၈။ စာပေဗိမာန်က ရိုက်နှိပ်ဖြန့်ချိသော စာအုပ်စာတမ်းများကို လူထုလက်သို့ ရောက်ရှိစေရန် နည်းအမျိူးမျိူးဖြင့် ကြိုးပမ်းခဲ့ကြပါသည်။ ရန်ကုန်မြို့နှင့် နယ်မြို့များတွင် ကိုယ်စားလှယ်များ ခန့်ထားပြီး စာပေဗိမာန်ထုတ် စာအုပ်များကို ဖြန့်ချိရောင်းချစေခဲ့ပါသည်။
၁၉။ ထို့ပြင် “(၁) စာပေဗိမာန်လုပ်ငန်းများကို လူထုသိနားလည်စေရန်၊ (၂) အသင်းဝင်များစုဆောင်း သိမ်းသွင်းရန်၊ (၃) စာအုပ်များ ဖြန့်ချိရောင်းချရန်၊ (၄) လူထုအများ စာဖတ်ဝါသနာပါစေရန်” ဟူသော ရည်ရွယ်ချက်များ အောင်မြင်စေရန် ၁၉၄၈ ခုနှစ် စက်တင်ဘာလမှစ၍ နယ်လှည့် ဝန်ထမ်းမှူး (၆) ဦးခန့်ထားပြီး တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းဟူသော တိုင်းကြီး (၆) တိုင်းသို့ စရိတ်အမြောက်အမြား အကုန်အကျခံပြီး စာပေဗိမာန်က စေလွှတ်ခဲ့ပါသည်။ သို့သော် ၁၉၄၉ ခုနှစ်တွင် ဆူပူသောင်းကျန်းမှုများကြောင့် နယ်လှည့် ဝန်ထမ်းမှူးများကို အလုပ်မှ ရပ်စဲခဲ့ပါသည်။
၂၀။ စာပေဗိမာန်ထုတ် စာအုပ်များကို ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်ရုံးက ခရိုင်ဝန်နှင့်တိုင်းပညာဝန်အသီးသီးထံသို့ ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့် စရိတ်အမြောက်အမြား အကုန်အကျခံပြီး တင်ပို့ခဲ့ပါသည်။ သက်ဆိုင်ရာခရိုင်ဝန်များက နယ်ပိုင်၊ မြို့ပိုင်၊ ပြည်သူ့ဆက်ဆံရေးအရာရှိနှင့် လူထုပညာရေးမှူးများအကူအညီဖြင့် ကျေးရွာအုပ်စုတိုင်းရှိ သူကြီးများထံသို့လည်းကောင်း၊ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားသော စာကြည့်တိုက်၊ စာကြည့်ခန်းများသို့လည်းကောင်း အခမဲ့ ပေးဝေလှူဒါန်းကြပါသည်။
၂၁။ ပေးပို့လိုက်သော စာအုပ်များကို မည်သို့ ထိန်းသိမ်းထားရှိရမည်၊ ကျေးရွာလူထုဖတ်ရှုရအောင် မည်သို့ဆောင်ရွက်ရမည်တို့ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက သူကြီးများကို ညွှန်ကြားချက်များတိကျစွာ ပေးထားခဲ့ပါသည်။ ဤနည်းဖြင့် စာပေဗိမာန်ထုတ် စာအုပ်များသည် မြို့များတွင်သာမက တောကြို တောင်ကြားရှိ သွားလာရခက်ခဲသော ကျေးရွာအသီးသီးမှ လူထုလက်သို့ တိုက်ရိုက်ရောက်ရှိပြီး များစွာ အကျိူးရှိခဲ့ပါသည်။
၂၂။ တိုင်းပညာဝန်များသို့ ပေးပို့လိုက်သော စာအုပ်များကိုလည်း ဆိုင်ရာပညာဝန်ထောက်၊ ပညာအုပ်တို့၏ အကူအညီဖြင့် စာသင်ကျောင်းအသီးသီးသို့ ရောက်အောင် ပေးပို့ဖြန့်ချိခဲ့ကြပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများ စာဖတ်ဝါသနာပါလာပြီး စာဖတ်ရှိန် မြင့်တက်လာစေခဲ့ပါသည်။